အမှန်တရား၏ကျောက်ဖြစ်ရုပ်ကင်းများ
ဘယ်လိုလာ လတ်ဆတ်မှာလဲ ငါ့ ရင်ခုန်သံတွေ
အေးစက်စက် မင်း မျက်ဝန်းအောက်မှာ
တစ်ပတ်ပြီး တစ်ပတ် ပြေလျော့သွားခဲ့ရပေါ့ ...
အချစ်ကို ရေငတ်သလို တောင့်တမိတဲ့ ငါ့ရင်ခွင်အစုံမှာ
မင်းလိုချင်တဲ့ အထင်တကြီး မျက်လုံးတွေ မရှိတာတော့ အသေအချာပဲ။
သွားစမ်းပါ... မင်းပြောတဲ့ အချိန်ဆိုတာ
ငါ့အတွက်တော့ အိပ်ဆေးပြားတစ်ပြားလောက်တောင်
ဖျော်ဖြေမှုမရှိတာ ကြာခဲ့ပါပြီ။
ဘာတွေထပ်ပြီး ပေးဆပ်ရဦးမှာ လဲ
မင်းအပြုံးလေးကို မြင်ရဖို့ ငါ့မှာ မာနတွေ ခွါချပြီး
မြေနိမ့်က လှံ စိုက်ရာ ဒေသ ဖြစ်နေပြီ။
ခြောက်ခြောက်ခြားခြား ညတွေထဲမှာ
တမ်းတစိတ်နဲ့ အမြဲ ပိတ်လှောင် မင်းကို ဆက်ပြီး မချစ်ရအောင်
ငါ့ ဆီက ဘယ်အသားကို လှီးထုတ် ရမလဲ ...
တစ်ဖက်သက် အချစ်တွေ
နာကျင်နေပေမဲ့ မင်းမျက်နှာ ညှိုးမှာ ကို စိုးမိလို့
ငါ့မျက်ရည် မြစ်တွေ ဆက်ပြီး စီးဆင်းလည်း ဒီဘ၀မှာ မထူးတော့ပါဘူး ... (တောက်)
အယ်လ်ကိုဟောရဲ့ အဆိပ်ကို အသည်းက
ချေဖျတ်ပေးသတဲ့ ဒီအသည်းက ထွက်လာတဲ့
အဆိပ်တွေကိုတော့ ဘယ်ကလီစာက ချေဖျတ်ပေးမှာလဲ ...
တစ်ခါတစ်ရံ ရိုင်းစိုင်းတဲ့ စိတ်ကြမ်းတွေ
ဝင်လာတိုင်း ငါ့မာနအတွေအတွက် ဒေါသကို
ကိုယ်ပေါ်လောင်းချပြီး ဒဏ်ရာတွေကို အနီရောင်ဆိုးတယ်။
တစ်ခါတစ်ရံ ငါ့စိတ်ကို ပယောဂပူးပြီး မြူးနေသလို
လွှင့်တင်ထားလဲ အချိန်တန်တော့ ဒီဘူတာဟောင်းမှာပဲ
နေညိုခဲ့ပြန်တယ်။
နောက်ဆုံးတော့ အမှားကို သိတာတောင်
ပြန်မပြင်နိုင်တဲ့ ငါ တစ်ကောင်သာ လူမိုက်ကြီး လုံးလုံး ဖြစ်ခဲ့ပေါ့.....
Copie from www.planet.com.mm
Comments